ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရရာ ထစ်ချုန်းပြတ်တောက်နေကြ
နှုတ်မဆက်မိရင်လည်း ကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ အ၀ါရောင်ဖျော့ဖျော့ နဲ့ ဂူသင်္ချိုင်း ဆန်လာ
ကံကြမ္မာဟာ
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး ။
ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို ပင်လယ်လို အက္ခရာတစ်လုံးနဲ့
ငါတို့ ဆက် ချစ်” နေကြဦးမယ် ။
မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပျောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန် ။
ရထားဟာ
လောကလူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေ နဲ့
တုန်ယင်စွာ လူးလွန့်ထွက်ခွာခဲ့ရပေါ့ …။
တာရာမင်းဝေ
Tags: THEIR POEMS
